တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်နာရမည့်အချက်များ အသိပညာပေး လက်တွေ့သရုပ်ပြသ

တာလေ ဇန်နဝါရီ ၂၂

အများပြည်သူများ မီးဘေးအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ဥစ္စာများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပန်ချီဟတ်ကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တာလေမြို့၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးလင်းဝင်းထိုက် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပန်ချီဟတ်ကျေးရွာရှိ နေအိမ်များသို့ မီးဘေးအန္တရာယ်ကင်းရှင်းမှုရှိ၊ မရှိ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ အကြံပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးအား စနစ်တကျအသုံးပြုတတ်စေရန် လက်တွေ့သရုပ်ပြ ငြှိမ်းသတ်ခြင်းတို့ကို အသိပညာပေး ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာလေမြို့၊ နယ်မြေမီးသတ်စခန်းအနေဖြင့် မကြာမီကာလတွင် ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် အများပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်သို့ သတ်မှတ်နေ့ရက်အလိုက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)