တာမွေမြို့နယ်တွင် ၂၀၂၄-ခုနှစ် ဖိတ်ခေါ်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကြီး ဖွင့်ပွဲအခမ်းအနားကျင်းပ

တာမွေ ဇန်နဝါရီ ၂၂

မြန်မာ့ပိုက်ကျော်ခြင်းအားကစား ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားသစ်များ ပေါ်ပေါက်လာစေရေးနှင့် ပိုက်ကျော်ခြင်းအားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ ရွှေသံလွင်မီဒီယာမှ ပထမဆုံးအကြိမ် စီစဉ်ကျင်းပည့် ၂၀၂၄-ခုနှစ် ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၆) နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရွှေသံလွင်မီဒီယာမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်ပရိသတ်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ ၂၀၂၄-ခုနှစ် ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အသီးသီးမိတ်ဆက်ခဲ့ကြပြီး ဖွင့်ပွဲပွဲစဉ်များအဖြစ် Ko Paing အသင်းနှင့် USL အသင်း၊ Huamei Myanmar အသင်းနှင့် Grand Mekong အသင်း၊ Khit Kyaung Thar အသင်းနှင့် Ko Paing အသင်း၊ USL အသင်းနှင့် Shwe Kyung Thar အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ၂၀၂၄-ခုနှစ် ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးကို ၂၀၂၄-ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့မှ ဇန်နဝါရီလ(၂၈)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံရှိ နာမည်ကျော်ပိုက်ကျော်ခြင်း အားကစားသမားများ၊ ၂ဝ၂၃-ခုနှစ် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကြီး၏ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ လူငယ်ပိုက်ကျော်ခြင်း အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲများကို အမျိူးသားသုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲအမျိုးသားလေးယောက်တွဲပြိုင်ပွဲ စသည်ဖြင့် ပြိုင်ပွဲအမျိုးအစား (၃) မျိုး စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး အသင်းအရေအတွက်အားဖြင့် စုစုပေါင်းအမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း (၄) သင်း၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း (၆) သင်း၊ အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း (၆) သင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်