စစ်တွေ ဇန်နဝါရီ ၂၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (စစ်တွေ)၏ (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တ ကျော်လှိုင်ဦး ဦးဆောင်သော စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာဝတ်ရုံများကိုဝတ်ဆင်လျက် နည်းပညာတက္တသိုလ်ဘွဲ့နှင်းသဘင်ခန်းမသို့ ရောက်ရှိကြပြီး နိုင်ငံတော်သီချင်းတီးလုံးကို ဖွင့်လှစ်သောအခါ ကြွရောက်လာသော ပရိတ်သတ်အားလုံးနှင့်ဘွဲ့ယူမည့်သူများ ငြိမ်သက်စွာမတ်တပ်ရပ်ကြသည်။
ထို့နောက်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်လှိုင်ဦးက ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူကြမည့်မောင်မယ်များ ကတိပြုကြသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနမှူးများက အင်ဂျင်နီယာဘွဲ့ (၂၀၂၃)ခုနှစ်အတွက် ကောင်းစွာပေါက်မြောက် အောင်မြင်ခဲ့ပြီဟု သက်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သော ဘွဲ့ယူမည့်သူများကို နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ထံမှောက်သို့ပို့ဆောင်၍ ဒုတိယပါမောက္ခချုပ်က အင်ဂျင်နီယာဘွဲ့လက်မှတ်များကို ပေးအပ်သည်။
ယင်းနောက် ဒုတိယပါမောက္ခချုပ်က အဝေးရောက်ဘွဲ့ယူသူပုဂ္ဂိုလ်များအား အခွင့်အာဏာအရ ဘွဲ့လက်မှတ်များကို ပေးအပ်ကြောင်းကြေညာကာ ဘွဲ့ရရှိသူများစာရင်းကို လက်မှတ်ရေးထိုးပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်းအား ပြောကြားသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်အခမ်းအနား ရုပ်သိမ်းကြောင်းကြေညာပြီး ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ တွဲ့ဘက်ပါမောက္ခ၊ ဌာနမှူးများ၊ ကထိက၊ ဌာနမှူး၊ လက်ထောက်ကထိက၊ ဌာနမှူး၊ နည်းပြ၊ ဌာနမှူး၊ ဌာနကြီးမှူး၊ ဘွဲ့ယူပြီးသူများ၊ ပရိတ်သတ်များက ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
နည်းပညာတက္ကသိုလ်(စစ်တွေ) (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် အင်ဂျင်နီယာဘွဲ့(မြို့ပြ)၊ အင်ဂျင်နီယာဘွဲ့ (အီလက်ထရောနစ်)၊ အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား)နှင့် အင်ဂျင်နီယာဘွဲ့ (စက်မှု) ဘွဲ့ရရှိသူစုစုပေါင်း ၁၂၄ ဦးအား ဘွဲ့များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)