လယ်ဝေး ဇန်နဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ ခရိုင်ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က (၁၈) မှ ကျောင်းသား၊ ကျောင်းသူလေးများက “တူယှဥ်နွှဲပျော်စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။ ထို့နောက် လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုက အမှာစကားပြောကြားသည်။ ထို့နောက် လယ်ဝေးခရိုင်ပညာရေးမှူး ဦးကျော်စိုးဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံထူးချွန်ဆုရရှိသည့် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအား တာဝန်ရှိသူများက ဆုများချီးမြှင့်သည်။ ထို့နောက် ဗဟိုအဆင့်၊ တိုင်း၊ ခရိုင်အဆင့်တို့တွင် ပညာရေး၊ အားကစားနှင့် အခြားဘက်စုံထူးချွန်ဆုများ ရရှိခဲ့ကြသည့် လယ်ဝေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့်ဧည့်ပရိသတ်များနှင့် ကျောင်းသားမိဘများအား ကျောင်းသား၊ ကျောင်းသူလေးများက သီချင်းသရုပ်ဖော်အကများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)