ဟိုပန် အောက်တိုဘာ၂၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် ယနေ့မွန်းလွဲ(၁)နာရီ အချိန်က ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများသို့ ကြိုတင်မဲပေးရာတွင်အသုံးပြုမည့် မဲရုံသုံး ပစ္စည်းများကို ဟိုပန်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ထုတ်ပေးလျှက်ရှိကြောင်းသိရသည်။
အဆိုပါထုတ်ပေးသည့် မဲရုံသုံးပစ္စည်းများတွင် မဲပုံး၊ မဲလက်မှတ်စာအုပ်၊ မဲစာရင်း၊ လုံခြုံရေး ကြိုး၊ အမှန်ခြစ်တံဆိပ်တုံး၊ Hand Spray၊ ဆန္ဒပြုခန်းများနှင့် ကြိုတင်မဲ လက်မှတ် စာအိတ်တို့ကို ထုတ်ပေးခဲ့ပြီး နိုဝင်ဘာလ(၈)ရက်နေ့ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ၂-၁၁-၂၀၂၀ ရက်နေ့တွင် ထုတ်ပေးသွားမည်ဖြစ်သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူစုစုပေါင်း ၂၂၅၂၉ ဦးရှိပြီး အသက်(၆၀)နှင့်အထက်ကြိုတင်မဲပေးမည့်သူ(၂၉၀၇)ဦးရှိကာ (၂၉-၁၀-၂၀၂၀) ရက်နေ့ တွင် စတင် ၍ ကြိုတင်မဲများပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)