ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကျိုင်းလပ် ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍   “ဉာဏ်စမ်းပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်” ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုမြှင့်မားလာစေရန်၊ အစုအဖွဲ့များဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာကာ စာပေဖတ်ရှု့ခြင်းဖြင့် အတွေးအမြင်ဗဟုတုတများ ပိုမိုကြွယ်ဝလာစေရန်နှင့် ထူးချွန်ထက်မြတ်သည့် လူငယ်များပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် “ဉာဏ်စမ်းပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်” ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ(၁၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)