ပင်းတယ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တတိယအကြိမ်မြောက် တောင်ရိုးအမျိုးသားချစ်ကြည်ရေးဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ပွေးလှကျေးရွာအုပ်စု၊ ရှောက်ပင်ကျေးရွားရှိ ဝါးရုံမြိုင်ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တတိယအကြိမ်မြောက် တောင်ရိုးအမျိုးသားချစ်ကြည်ရေးဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် ရွှေသရဖူဘောလုံးအားကစားအသင်းနှင့် ကျုံးဘောလုံးအားကစားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရွှေသရဖူအသင်းက ကျုံးအသင်းအား လေးဂိုးတစ်ဂိုး (၄-၁)ဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ တောင်ရိုးတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း(ဗဟို)အတွင်းရေးမှူး ဦးကျော်လှက အမှာစကားပြောကြားပြီး ပွေးလှကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးသန်းအောင်က တောင်ရိုးအမျိုးသားချစ်ကြည်ရေးဘောလုံးအားကစားပြိုင်ပွဲအား နှစ်စဉ်ကျင်းပနိုင်ရေးအတွက် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗိုလ်လုပွဲတွင်အနိုင်ရရှိခဲ့သည့် ဘောလုံးအားကစားအသင်းနှင့် ပွဲစဉ်တစ်လျှောက်နေရာအလိုက် အကောင်းဆုံးဆုရရှိခဲ့သည့် ကစားသမားများအား တောင်ရိုးတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း(ဗဟို) အတွင်းရေးမှူး ဦးကျော်လှနှင့် တာဝန်ရှိသူများက ဆုဖလား၊ ရွှေတံဆိပ်ဆုများနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါတတိယအကြိမ်မြောက် တောင်ရိုးအမျိုးသားချစ်ကြည်ရေးဘောလုံးအားကစားပြိုင်ပွဲအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်စသည့် မြို့နယ်များမှ တောင်ရိုးတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ ကိုယ်စားပြုဘောလုံးအားကစားအသင်း (၂၅) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)