ပုံပါကျင်မြို့တွင် ဆောင်းသီးနှံကြက်သွန်ဖြူ စတင်စိုက်ပျိုး

ပုံပါကျင် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုကြပြီး ကြက်သွန်ဖြူစိုက်ပျိုးခြင်းကို မိရိုးဖလာလုပ်ကိုင်ခဲ့ကြရာ ဆောင်း သီးနှံ ကြက်သွန်ဖြူကို ယခုလမှစ၍ စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရသည်။

 “ ကြက်သွန်ဖြူကို  ကျွန်တော်တို့မိဘတွေ လက်ထက်ကတည်းက မိရိုးဖလာစိုက်ပျိုးခဲ့တာပါ၊ အခုနှမ်းရိတ်ပြီး မြေပြင်ပြီးတာနဲ့ ကြက်သွန်ဖြူစိုက်တာပါ၊ ကြက်သွန်မျိုးကိုတော့ မိုင်းပန်မြို့ကနေ ယူ လာတာပါ၊ ကြက်သွန်ဖြူကို အခုလမှာ စစိုက်ပြီး လေးလကြာ နောက်နှစ်ဖေဖော်ဝါရီလ လောက်ဆိုရင် ပြန်နှုတ်လို့ရပါပြီ၊ စောစောစိုက် စောစောသိမ်းရင်တော့ ဈေးကောင်းရမယ်လို့ မျှော်လင့်ရတာပါပဲ" ဟု ကြက်သွန်းစိုက်တောင်သူ ဦးလုံးဝိက ပြောကြားသည်။

ပုံပါကျင်မြို့ရှိ နှမ်းရိတ်သိမ်းပြီးသော ယာမြေများတွင် ကြက်သွန်ဖြူများ စတင်စိုက်ပျိုးလျက်ရှိ ပြီး လယ်မြေများတွင် စပါးရိတ်သိမ်းနေဆဲဖြစ်သောကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း၊ ယခုနှစ် ကြက်သွန်ဖြူပေါ်သည့်ကာလတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေချိန်နှင့်တိုက်ဆိုင်နေသောကြောင့် တစ်ကီ လို ကျပ်-၇၀၀/ ခန့်သာရရှိခဲ့ကြောင်းနှင့် ထွက်ရှိလာသည့် ကြက်သွန်ဖြူ များအား တာချီလိတ်မြို့မှ တစ် ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ပုံပါကျင်မြို့တွင် ကြက်သွန်ဖြူကို အဓိကစိုက်ပျိုးသီးနှံအဖြစ် အများအပြားစိုက်ပျိုးလျက်ရှိရာ ယခင်နှစ်က(၈၁၅)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၁၀၂၈ ဒဿမ ၉၁)ပိဿာ ထွက်ရှိခဲ့ ကြောင်း မြို့ရုံးလယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနမှသိရသည်။

စန္ဒီ(ပြန်/ဆက်)