ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး

ဒဂုံတောင် ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၀ ရက်နေ့ ည ၆ နာရီ ၃၀မိနစ်မှ ည ၇ နာရီထိ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း နှိုးဆော်ကြကြောင်း သိရသည်။

ထို့သို့ နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်မီးသတ်ဦးစီးမှူးဦး‌ဝေဇင်ဦး ဦးဆောင်‌သော မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးက ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ထားရှိရန်လိုအပ်သော မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်းနှင့် နေအိမ်ခြံ၀င်းရှိ အမှိုက်သရိုက်များရှင်းလင်းရန် မီးအသုံးပြုနေစဉ် လူစောင့်ထားရှိရန် အသုံးပြုပြီးပါက မီးကြွင်းမီးကျန်မရှိစေရန် စနစ်တကျ ငြိမ်းသတ်ဆောင်ရွက်ရန် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူလူထုများ သိရှိနိုင်ရေးအတွက် အသိပေးလိုက်လံနှိုးဆော်ကြကြောင်း သိရသည်။

သန်းသန်းအေး