ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရပ်စောက် ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် တာဝန်ရှိသူတို့သည် ဇန်နဝါရီ(၂၀)ရက်နံနက်(၉)နာရီခွဲက ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်အတွင်း ပိန်းချောင်းဆည် အထွေထွေပြုပြင်ခြင်းလုပ်ငန်း(အပိုင်း-၂) ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ရပ်စောက်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ဗထူးတပ်မြို့ ကန်တောင်မင်ဧရိယာစနစ်တကျ လယ်ယာမြေ(၁၀၅)ဧက ဖော်ထုတ်နေမှုနှင့် ဖြစ်ထွန်းအောင်မြင်နေသော နေကြာစိုက်ခင်းများကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။ အဆိုပါပိန်းချောင်းဆည်ရေများ ကိုကန်တောင်မင်ဧရိယာ စနစ်တကျလယ်ယာမြေတွင် စိုက်ပျိုးရေအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်အုပ်စု ပိန္နဲပင်(ရွာသစ်) ကျေးရွာတွင် ဦးဂျာကနပ်မွေးမြူထားသော ဥစားကြက်အကောင်ရေ(၁၂၀၀၀)ကောင် ကြက်ခြံသို့ သွားရောက်ကြည့်ရှုကြပြီး ရပ်စောက်မြို့နယ် ပိန္နဲစံပြကျေးရွာရှိ ကိုမြင့်ဦး စိုက်ပျိုးထားသော KK စိုက်ပျိုးရေးခြံ စိုက်ဧက(၃၀)ဧကတွင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေသော သရက်၊ ရာဘာ၊ ကော်ဖီ၊ မက္ကဒေးမီးယားစိုက်ခင်းများကို လှည့်လည်ကြည့်ရှု၍ သရက်စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တောင်သူများအား တန်ဖိုးမြင့်ထုတ်ကုန်ဆောင်ရွက်နိုင်ရန် မှာကြားလိုကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ဆောင်ရွက်လိုသည့် ကိစ္စရပ်များရှိပါက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် (ကျောက်နီစိုက်ကွင်း)အတွင်းမှ မွေးမြူရေးဇုန် လျာထားမြေကွက်ချမှုများအား တောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြီး ရေဆိုး၊ ရေနုတ်မြောင်း၊ ရေလှောင်ကန်တည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ ဆည်မြောင်းနှင့်ရေအသုံးချဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရေအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက ရှင်းလင်း၍ လျှပ်စစ်မီးသွယ်တန်းမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန်ရှိသူများက ရှင်းလင်းကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နွားမွေးမြူမည့်သူများနှင့်တွေ့ဆုံ၍ နွားမွေးပြည်သူများလိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နွားမွေးမြူသူ ဦးလှိုင်မြင့် စိုက်ပျိုးထားသော နွားအစာပင်များနှင့် စက်ရေတွင်းတူးထော်နေမှု၊ မွေးမြူရေးဇုန်လမ်းဖောက်လုပ်နေမှုအား ကြည့်ရှုကြကြောင်း သိရှိရသည်။          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ် တောင်နီကျေးရွာအုပ်စု မိုင်းသော်အရှေ့ကျေးရွာ၌ တောင်သူ ဦးဖိုးချိုစိုက်ပျိုးထားသော နေကြာ(၁၅)ဧက အောင်မြင်ဖြစ်ထွန်းနေမှုနှင့် သံတဲကျေးရွာတွင် စိုက်ပျိုးထားသော နေကြာ၊ အာလူး၊ ကြက်သွန်ခင်းတို့ကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဆောင်းသီးနှံဆီထွက်စိုက်ပျိုးမှုဧက(၄၂၁,၉၇၃)ရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)