ဒက္ခိဏသီရိမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံများ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

လယ်ဝေး ဇန်နဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၊ ဒေသတွင်းဆီဖူလုံရေးအတွက် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများ သီးနှံအထွက်တိုးဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်သီးနှံ နေကြာ ၃၉၂ ဧက၊ မြေပဲ ၃၆၉ ဧက၊ နှမ်း ၃၄၉ ဧက စုစုပေါင်းဆောင်းသီးနှံ ၁၁၀၄ ဧကကို လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ သီးနှံအလိုက် လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများ မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ရွေးချယ်စိုက်ပျိုးတတ်စေရေး၊ စိုက်ပျိုးနည်းစနစ်များ၊ သွင်းအားစု သဘာဝမြေသြဇာသုံးစွဲရေးနည်းလမ်းများနှင့် ပိုးမွှားရောဂါကျရောက်မှုကို စနစ်တကျကာကွယ်တတ်စေရန်၊ အရင်းအနှီးသွင်းအားစု စျေးကွက်ခိုင်မာမှုရှိစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းပြီး အသိပညာပေးဆွေးနွေးပွဲများ၊ နည်းပညာပေးသင်တန်းများ၊ သီးနှံအလိုက်စံပြကွက်များ စိုက်ပျိုးပြသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်နိုင်က ပြောကြားသည်။

ဒက္ခိဏသီရိမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံနေကြာ ၃၆၃ ဧက၊ မြေပဲ ၂၀၀ ဧက၊ နှမ်း ၂၃၀ ဧက စုစုပေါင်း ၇၉၃ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများ သတ်မှတ်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်မျိုးများဖြန့်ဝေခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တောင်သူများလိုအပ်သော သွင်းအားစုများ အချိန်မီရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)