ဥတ္တရသီရိ ဇန်နဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အသံမစဲဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက်၌ ကျင်းပရာ ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဒုမမထေရ်မြတ် အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူသည်။
ရှေးဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး နေပြည်တော်တိုင်း သံဃာ့ဝန်ဆောင် မသိမ်ကျောင်းသစ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘဏမထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ နေပြည်တော်တိုင်းသာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်တောမူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား ပန်းပေါင်းစုံရုပ်ပွားတော်များ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဥတ္တရသီရိမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဏိဇောတိကကျွဲရှင်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပဒုမမထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ အောင်မင်္ဂလာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဏ္ဍလက နတ်ဗြဟ္မာများအားပြန်လည်ပို့ဆောင်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။ အသံမစဲဥပ္ပါတသန္တိပါဠိတော် ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)