ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးအနောက်မြောက်ကွင်းအတွင်း လယ်သီးထပ် ဆောင်းသီးနှံပဲပုပ်နှင့် နေကြာစိုက်ခင်းအား ကွင်းဆင်းစစ်ဆေး၊ တောင်သူများ၏ စိုက်ပျိုးရေလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား   ဇန်နဝါရီ   ၂၁

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် လယ်မြေ၊ ဥယျာဉ်ခြံ များတွင် သီးထပ်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးနိုင်ရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ ပမ္မတီးအနောက်မြောက်ကွင်းအတွင်း တောင်သူများနှင့် တွေ့ဆုံပြီး လယ်သီး ထပ်ဆောင်းသီးနှံစိုက်ခင်းများစိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပမ္မတီးအနောက် မြောက်ကွင်း၊ ကွင်းအမှတ် (၇၁) တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးအိုးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်ပိုင် တောင်သူ ဦးချစ်ဆွေ၏ လယ်အပါအဝင် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးသည့်လယ် ၄၄ ဒဿမ ၄၅ ဧကအတွင်းမှ တောင်သူများနှင့်တွေ့ဆုံကာ ဆောင်းသီးထပ်ပဲပုပ်နှင့် နေကြာသီးညှပ်စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ သီးထပ်စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းအောင်မြင်စေရေးအတွက် စိုက်ပျိုးရေလိုအပ် ချက် ပြည့်မီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့်တောင်သူများ၏ လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်းသီးထပ် စိုက်ပျိုးနိုင်ရေး ပဲပုပ်နှင့် နေကြာမျိုးကောင်းမျိုးသန့်များကို ထောက်ပံ့ပေးထားပြီး စိုက်ပျိုးရေလုံလောက်မှုရှိစေရေး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရေတွင်း တူးဖော်ဆောင်ရွက်ပေးထားခဲ့သည့်အပြင် လိုအပ်ပါက စက်ရေတွင်းများ ထပ်မံတူးဖော်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်သူများနှင့်အတူ ၎င်းတို့၏ လယ်များအတွင်း ပဲပုပ်နှင့် နေကြာသီးညှပ်စိုက်ပျိုးထားသည့် စိုက်ခင်းများအတွင်း ပဲပုပ်နှင့် နေကြာပင်ပေါက်များ ဖြစ်ထွန်း အောင်မြင်နေမှု အခြေအနေများနှင့် ဆိုလာစက်ရေတွင်းမှ ရေဖြင့် စိုက်ခင်းများအတွင်း ရေပို့ လွှတ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေအတွက် စက်ရေတွင်းထပ်မံတူးနိုင်ရေး‌ လိုအပ်သည့်ငွေကြေးအတွက် တောင်သူများထံ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်