ပုဗ္ဗသီရိမြို့နယ် အ-ထ-က(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

ပုဗ္ဗသီရိ  ဇန်နဝါရီ  ၂၁

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အ-ထ-က(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူလေးများက "စုံညီပွဲတော် တို့နွှဲပျော်" သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိန်ကြည်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက  ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက ဘက်စုံထူးချွန်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသားတို့မှ ဆက်လက် ကြိုးစားသွားရမည်ဖြစ်ကြောင်းနှင့် ပညာရေးစုံညီပွဲတော်ကို ဖြစ်မြောက်အောင် ကူညီပံ့ပိုးကြသည့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အဆင့်လူရည်ချွန်ပြိုင်ပွဲ၊ အင်္ဂစာစွမ်းရည် ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ဗဟိုအဆင် ICT ပြိုင်ပွဲ၊ တိုင်းအဆင့်ရွေးချယ်ခံရသော အားကစားသမားများ စသည့် ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်အက အလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)