မောက်မယ်၌မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မောက်မယ် ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မြို့နယ်အဆင့် အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၂-၂၀၂၃ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်နမ့်ယွန်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများ တက်ရောက်၍စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား/ကျောင်းသူလေးများက “နိုင်ငံတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာ ရေးသာမကအခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး ပညာရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြား၍ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသူရအောင်က မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြသော ပုဂ္ဂိုလ်များအားကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေကပြတင်ဆက်ခဲ့ကြ၍ အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။     

စိုင်းမျိုးသန့်(မောက်မယ်)