နောင်ချိုမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း

နောင်ချို အောက်တိုဘာ ၂၈

ကျောက်မဲခရိုင် ၊   နောင်ချိုမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ငန်းများကြိုတင် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ နီးကပ် လာပြီဖြစ်သည့်အတွက် မိမိတို့တာဝန်ယူရမည့်နယ်မြေများနှင့်ချိတ်ဆက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြစေလို ကြောင်း၊ တွေ့ကြုံနိုင်သည့်အခက်အခဲများကို အချိန်မီတင်ပြကြစေလိုကြောင်း၊ လိုအပ်ချက်များ ကြိုတင်ဇာတ် တိုက်ဆောင်ရွက် ထားရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦး ကကြိုတင်မဲပေးမှုအပေါ် ကွင်းဆင်းဆောင်ရွက်ကြစေရေး၊ မဲရုံပြင်ပ တာဝန်ခွဲဝေပေးမှု၊ မဲရုံစဖွင့်ချိန်မှ မဲရုံပိတ် ချိန်အတွင်းနှင့် မဲရုံပိတ်ပြီးသည်နှင့်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အားလုံးပူးပေါင်းဆောင်ရွက်ကြစေရေးကို လည်းကောင်း ပြောကြားခဲ့သည်။

၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးခင်မောင်ချင်းက လုံခြုံရေးစနစ် တကျထားရှိပေးနိုင်ရေး၊ မဲရလာဒ်များ အချိန်မီတင်ပြနိုင်ရေးတို့ကို ဆွေးနွေး ညှိနှိုင်းခဲ့ကာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးဝင်းနိုင်က ပုံစံ(၁၆)ရေးသွင်းမှု၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့် အညီ မဲပေးခြင်း လုပ်ငန်း အဆင့်ဆင့်တို့ကို ရှင်းလင်းပြသခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများက မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

ထွေးငယ်၊ နောင်ချို ပြန်/ဆက်