ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဒဂုံတောင် ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်း ဘောလုံးအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းသား/ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူး ဦးငွေသူရက အမှာစကားပြောကြားရာတွင် ‌ပထမဦးစွာ ယခုစုံညီပွဲ‌တော်ကို စည်းကားသိုက်မြိုက်စွာ ဆောင်ရွက်ပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စုံညီပွဲတော်များ ကျင်းပပေးလျက်ရှိရာ  ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်တဲ့နေရာမှာ နိုင်ငံတော်ကို ကာကွယ်တည်ဆောက်နိုင်မယ့် စွမ်းအားစုပေါ်ထွက်လာစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်မြင့်မားပြီး ရိုးရာယဥ်ကျေးမှုနှင့် လူမှုဘဝစံနှုန်းများ ထိန်းသိမ်းမြှင့်တင်နိုင်ရေးနှင့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန် ပညာရေးကဏ္ဍအလိုက် လုပ်ဆောင်ချက်များကို ထုတ်ဖော်လုပ်ဆောင်ခြင်းများဖြင့် ပညာရေးလုပ်ငန်း ဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်စေရန်၊ အမျိုးသားပညာရေးလုပ်ငန်းဆောင်ရွက်မှုများတွင် မိဘပြည်သူများနှင့် အတူပူးပေါင်းဆောင်ရွက်ရန်များ စသဖြင့်ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးကီလောဟာက ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။ 

ဆက်လက်ပြီး  ၂၀၂-၂၀၂ပညာသင်နှစ်အတွက် (၂၄) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် နိုင်ငံတော်အဆင့်ဆုရရှိခဲ့ကြ‌သော ကျောင်းသား/ကျောင်းသူများ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကျပန်းဆုရရှိသူများ၊ ပဋ္ဌာန်း၊ ဓမ္မစကြာ၊ ကာယဉာဏ ဘက်စုံထူးချွန်ဆုရရှိကြသူ ကျောင်သား/ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ တီးခတ်သီဆိုကာ တေးသရုပ်ဖော်အကများဖြင့် ကပြသီဆိုဖျော်ဖြေကြပြီး အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“ဇာတိမာန်”သီချင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းသည်။

ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊‌ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

သန်းသန်းအေး