မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွဲပျော်” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး(ငြိမ်း)ဆရာကြီး ဦးစိန်ဝင်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုများချီးမြှင့်နိုင်ရန် လှူဒါန်းခဲ့သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့် မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်သူများအား တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က ပညာရေးစုံညီပွဲတော်အကြောင်း ရှင်းလင်းခဲ့ပြီး ဗဟိုအဆင့်/တိုင်းအဆင့် ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ အားကစားထူးချွန်ကျောင်းသား/ကျောင်းသူများ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီထူးချွန်ကျောင်းသား/ကျောင်းသူများ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ထူးချွန်သူကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ခဲ့သည်။ အခမ်းအနားသို့ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီး/ ဆရာကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များအား ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
မြမြဝင်း(ပြန်/ဆက်)