ဟိုပန် အောက်တိုဘာ ၂၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ဟိုပန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
အစည်းဝေးတွင် ဟိုပန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးမှ ကြိုတင်မဲပေးသည့်ကိစ္စနှင့်ပတ်သက်၍ မဲပေးပိုင်ခွင့်ရှိသူများ လုံခြုံစိတ်ချစွာ မဲပေးနိုင် ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ဆောင်ရွက်ပေးကြရန်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများအားလုံး ပါတီနိုင်ငံရေးကင်းရှင်းကြရန်၊ ရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ဖို့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများ အားလုံးပူးပေါင်းပါဝင်၍ စနစ်တကျ ဆောင်ရွက်ပေးကြရန် အမှာအစကား ပြောကြား ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော်မှ ရပ်/ကျေးစာရေးများအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရမှ ချီးမြှင့်ထောက်ပံ့ငွေများ ပေးထား သည့်အတွက် မိမိတို့၏တာဝန်ကိုကျေပြွန်စွာထမ်းဆောင်ကြရန်၊ ကြိုတင်မဲများတွင် အမှားအယွင်းများမဖြစ်ပွားရန်နှင့် ယခုကာလအတွင်း အပြောအဆို၊ အနေအထိုင် များ ဂရုပြုဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ထို့နောက်ဟိုပန်မြို့နယ်ရဲတပ်ဖွဲ့မှူးမှ မဲရုံသုံးပစ္စည်းများသယ်ယူချိန်နှင့် မဲပေးချိန်များတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးမှ ကြိုတင်မဲပေးရာတွင် ဆောင်ရွက်ရမည့်အချက်များနှင့် မဲရုံသုံးပစ္စည်းထုတ်ပေးမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဉက္ကဌ၊ အတွင်းရေးမှူးများ တက်ရောက်ခဲ့ ကြောင်းသတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)