မံစီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

မံစီ     ဇန်နဝါရီ   ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ပညာရေးစုံ ညီပွဲတော်ကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမောင်မောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး “  စုံညီပွဲတော် ဒို့နွှဲပျော် ’’ အဖွင့်တေးသီချင်းကို အ.လ.က ကောင်ရာကျောင်းမှ ကျောင်းသား/သူများက ဂုဏ်ပြုသီဆိုခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး၊  မြို့နယ် ပညာရေးမှူး ဒေါ်တင်မာဆွေက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ စနစ်သစ်ပညာရေးနှင့် ပင်ကိုယ်စွမ်းရည်၊ အသင်းအဖွဲ့စိတ်ဓာတ်များ၊ ဗလ(၅)တန်နှင့် ပြည်စုံကောင်းမွန် လာစေရေးအတွက် ကျောင်းသား/သူ၊ မိဘ ၊ ဆရာ/ ဆရာမများ နှင့် ဌာနဆိုင်ရာများ ၊ အလှူရှင်များ စုပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက်  မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ၊ အားကစား ပြိုင်ပွဲများနှင့် စာပေများ၌ ထူးချွန်ဆုများရရှိခဲ့သည့် ကျောင်းသား/သူများ ကာယ၊ ဉာဏနှင့် ဘက်စုံထူးချွန်ဆု များအဖြစ်  စုစုပေါင်း ဆု(၁၁၇ ) ဆုကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး  မံစီမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၇)ကျောင်းမှ ကျောင်းသား/သူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်/ပြန်ဆက်