အလယ်တန်းကျောင်း(ခွဲ)ဟိုပင်၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

မိုးညှင်း ဇန်နဝါရီ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၈ရက် နံနက် ၁၀ အချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဟိုပင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းနုက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးက အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထိုနောက် စာရေးဆရာမ စောငယ်ငယ် (မိုးညှင်း)မှ စာအုပ်စာပေမှ “အသိပညာဗဟုသုတများ ရယူမှတ်သားပြီး ရည်မှန်းချက်ထားကြိုးစားကြရမှာဖြစ်ကြောင်း ဗလငါးတန်နှင့်ပြည့်စုံသော  လူငယ်များဖြစ်လာစေရန် ကျောင်းစာများသာမက ဗဟုသုတရရှိစေမည့် စာတွေကိုရွေးချယ်ဖတ်ခြင်း၊ ကိုယ်ကာယကျန်းမာစေဖို့အတွက် အားကစားများပြုလုပ်ခြင်း၊ အစားအစာတွေစားတဲ့အခါမှာလည်း သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရွေးချယ်စားသောက်ခြင်း၊ လူမိုက်တွေနဲ့မပေါင်းဘဲ အကြံကောင်းဉာဏ်ကောင်းပေးနိုင်တဲ့ လူလိမ္မာသူတော်ကောင်းများနဲ့ ပေါင်းသင်းခြင်းတို့ကို လိုက်နာရမည်ဖြစ်ကြောင်း” အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ယူဆောင်လာသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်းများမှ ရေးသားထုတ်ဝေသည့် အသိပညာပေး ရုပ်ပုံပြ ပုံပြင်၊ ကဗျာစာအုပ်များ၊ တေဇရုပ်စုံစာအုပ်များ ခင်းကျင်းပြသဖတ်ရှုစေချင်းနှင့်  မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးအကြောင်းအရာများပါ နံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ကျောင်းသား/ကျောင်းသူများအား စာဖတ်သည်အလေ့အထများရှိစေရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိမြင်စေရန်အတွက် ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကြိုတင်ရှောင်ရှား ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများသို့  လစဉ်ကွင်းဆင်း၍ ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

မိုးသန္တာဦး(ပြန်/ဆက်)