နမ္မတူတွင် အထူးရဲသင်တန်းဆင်းပွဲကျင်းပ

နမ္မတူ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး  အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ယူ ဆောင်ရွက်မည့် အထူးရဲများသင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နမ္မတူမြို့ အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းက အမှာစကားပြောကြားခဲ့ပြီး နမ္မတူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးမင်းဇော်က မဲရုံများတွင် လုံခြုံရေးဆောင်ရွက်ရမည့် အထူးရဲများကို တာဝန်ထမ်းဆောင်ရမည့် အကြောင်းအရာများနှင့်  သိသင့် သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်ဆွေက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည် သူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် လုံခြုံရေးဆောင်ရွက်ရန် အထူးရဲ (၄၈)ဦးကို အောက်တိုဘာလ (၁)ရက်နေ့မှ စတင်ကာ သင်တန်း ပို့ချပေးခဲ့ပြီး မဲရုံ (၁)ရုံတွင် မဲရုံလုံခြုံရေး ဆောင်ရွက်ရန် အထူးရဲ (၁)ဦးနှုန်း ခန့်အပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကာ အထူးရဲသင်တန်းနည်းပြများအား ဂုဏ်ပြု လက်ဆောင် များ ပေးအပ်ချီးမြှင့်ခဲ့သည်။

နမ္မတူမြို့နယ်တွင် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် လျာထားမဲရုံပေါင်း (၄၈) ရုံရှိပြီး၊ မဲဆန္ဒနယ်အမှတ် (၁)နှင့် မဲဆန္ဒနယ်အမှတ် (၂)တို့တွင် မဲဆန္ဒရှင်ပြည်သူ (၃၃၆၈၅)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။

လူမော် (ပြန်/ဆက်)