မော်လမြိုင် ဇန်နဝါရီ ၂၁
မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကြံ့ခိုင်မှုရှိစေရန် နေအိမ်များအားဖြည့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်/ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းပြီးဆောင်ရွက်ပေးလျက်ရှိသည်။
နွေဦးကာလနှင့် မိုးကြိုကာလ ရာသီပြောင်းချိန်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသဖြင့် ရပ်ကွက်/ကျေးရွာများအတွင်း ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများ၊ အိုမင်းမစွမ်းအိမ်ထောင်စုများ၏ နေအိမ်များကို သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု နည်းနိုင် သမျှနည်းပါးစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်၊ ချောင်းဆုံးမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ပေါင်မြို့နယ်များရှိ ရပ်ကွက် (၈)ရပ်ကွက်၊ ကျေးရွာ (၉)ရွာတို့မှ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အိမ်ခြေ (၁၇၀၀)အား သဘာဝဘေးဒဏ်ခံ ကြံ့ခိုင်စွမ်းအားရှိစေရန် သွပ်နန်းကြိုးများတုပ်ဆိုင်းပေးခြင်း၊ ကျားကန်ထောင်မတ်ပေးခြင်း၊ ဝါးထရံ၊ ဓနိ၊ သက်ကယ်များအသုံးပြုပြီး နေအိမ်များ အားဖြည့်ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြောင်း ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဝေဝင်းထံမှ သိရသည်။
မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ) မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးနှင့် အခြားဘေးအန္တရာယ်များဖြစ်ပွားမှု စုစုပေါင်း(၅၇) ကြိမ်ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ စုစုပေါင်း (၉၁၃) သိန်းကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
သားငယ် (မုဒုံ)