မြစ်ကြီးနား ဇန်နဝါရီ ၂၁
ကချင်ပြည်နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အငြိမ်းစားလစာထုတ်ယူချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ခရိုင်/ မြို့နယ်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို စနစ်တကျစီမံဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဆေးပဒေသာပင်အဖြစ် အလှူငွေများ မတည်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြည်နယ်အတွင်း နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး ၎င်းတို့၏ ဘဝတစ်လျှောက်လုံး နိုင်ငံတော်အတွက် ကြိုးစား၍ ပေးဆပ်ခဲ့ကြသည့် ပင်စင်စားအငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ယခုအခါ မိမိတို့အနေဖြင့် ပြန်လည်ပြုစုစောင့် ရှောက်ခွင့်ရရှိပြီဖြစ်ပါကြောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး လုပ်ငန်းအစီအစဉ်များကို စနစ်တကျစီမံဆောင်ရွက်သွားရမည် ဖြစ်သကဲ့သို့ မိမိတို့ အနေဖြင့် ယနေ့ အခမ်းအနားတွင် ဆေးပဒေသာပင်အလှူငွေများကိုလည်း မတည်လှူဒါန်းပေးသွား မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ယနေ့တက်ရောက်လာသူများအနေဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီး များအား လက်လှမ်းမီသောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လေးက ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းအစီအစဉ်အတွက် လိုအပ်သည့် အကူအညီများနှင့် စနစ်တကျ စီမံဆောင်ရွက်နိုင် ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်း ကောင်း၊ မြန်မာ့စီးပွားရေးဘဏ် မြစ်ကြီးနားဘဏ်ခွဲ ပြည်နယ်မန်နေဂျာက အငြိမ်းစားဝန်ထမ်းများ ပင်စာလစာထုတ်ပေးနေသည့် အခြေအနေများကို လည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည့် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာခရိုင်အလိုက် မြို့နယ်များရှိ အငြိမ်းစား နိုင်ငံ့ ဝန်ထမ်းဦးရေနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက် ပူးပေါင်း၍ ကူညီပံ့ပိုးသွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းအစီအစဉ်တွင် လက်ကမ်းစာစောင်ဖြန့်ဝေသွားမည့်ကိစ္စ ရပ်များ၊ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်သွားမည့် အစီအမံများ၊ ရန်ပုံငွေ အတွက် ဘက်ဂျက်လျာ ထားသုံးစွဲနိုင်ရေး စသည့်လုပ်ငန်းအစီအမံများကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအစီအစဉ် အတွက် ဆေးပဒေသာပင်ရန်ပုံငွေအဖြစ် ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း (၅၀)၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စုစုပေါင်းငွေကျပ် (၁၁၇)သိန်းကို မတည်လှူဒါန်းပေးအပ် ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ဂုဏ်ဆောင် အောင်ပွဲရ မြစ်ကြီးနားဒီဂရီကောလိပ်မှ ဆုရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဆရာအတတ်သင်ပညာ ဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်များ၏ အားကစားပြိုင်ပွဲများတွင် ထိုက်တန်စွာဆုရရှိသူများနှင့် တကွ ပြိုင်ပွဲဝင်ခဲ့ကြသည့် အားကစားသမားများကို ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့ ကျောင်း၏ ဂုဏ်ကိုသာမက ပြည်နယ်၏ ဂုဏ်ကိုပါမြှင့်တင်ပေးကြသူများဖြစ်သည့်အတွက် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဝမ်းမြောက်ဂုဏ်ယူရသည့်အပြင် နောင်လာမည့်နှစ်များတွင် လည်း ယခုထက် အောင်မြင်မှုရရှိရေးကို ကြိုတင်ပြင်ဆင်မှုများ၊ ပေါင်းစပ်ညှိနှိုင်းမှုများဖြင့် ကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲများတွင် ဆုရ သူများအား ဂုဏ်ပြုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က မီတာ ၄၀၀ (အမျိုးသား)အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ အားကစားသမားနှင့် မန္တလေးဇုန်ဘောလုံး(က)အသင်းမှ ရွှေတံဆိပ်ဆုရ အားကစား သမား (၂)ဦးတို့အား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက မီတာ(၄၀၀) အမျိုး သမီးအပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရအားကစားသမားအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက မန္တလေးဇုန်ဘောလုံး(ခ)အသင်းမှ ငွေတံဆိပ်ဆုရသူ (၄)ဦး၊ အလျားခုန်(အမျိုးသား)ပြိုင်ပွဲနှင့် မီတာ ၁၀၀ အပြေးပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုရသူ (၂)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ အောင်ပွဲရအားကစားသမားများကိုယ်စား ရွှေတံဆိပ်ဆုရသူတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်