ရပ်စောက် အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ မဲရုံအသီးသီးတွင် လုံခြုံရေး တာဝန် ထမ်းဆောင် ကြမည့် အထူးရဲ (Special Police) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝနာ ရီက မြို့ကုန်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ခန်းမတွင် ကျင်းပ ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဇော်မင်းလတ်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်နှင့် သင်တန်းနည်းပြများ၊သင်တန်းသားများတက်ရောက်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့် အမှာစကားပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူးက သင်တန်းဆင်းမိန့်ခွန်း မြွက်ကြား သည်။
ရဲမှူးက အထူးရဲများအနေဖြင့် ၂ဝ၂ဝပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရာ၌ တာဝန်ကျေပွန်သော ပြည်သူအနေဖြင့်လည်းကောင်း၊ အမျိုးသားရေး တာဝန်အနေဖြင့်လည်းကောင်း ခံယူကြပြီး သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ များ၊ မဲရုံမှူး၊မဲရုံအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်သူများ စိတ်ချမ်းသာစွာ လွတ်လွတ် လပ်လပ် မဲပေး နိုင်ရေးအတွက် လုံခြုံရေးအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ အများပြည်သူ လုံခြုံရေးကိုဆောင်ရွက်သကဲ့သို့ မိမိတို့၏ လုံခြုံရေးအတွက်လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွား ကြရန် မှာကြားသည်။
အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်ထိ တပ်ဖွဲ့ဝင် ၈၄ ဦးအား သင်ကြားပို့ချခဲ့ပြီး မဲရုံတစ်ရုံတွင် တစ်ဦးနှုန်းဖြင့် မဲရုံလုံခြုံရေးတာဝန်များကိုဆောင်ရွက်သွားကြ ရမည်ဖြစ်ပြီး အထူးရဲများကို အောက်တိုဘာ ၁ ရက် မှ နိုဝင်ဘာ ၁၅ ရက်ထိ ခန့်အပ်တာဝန်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။
ဇော်ဝင်း(ပြန်/ဆက်)