မှော်ဘီမြို့နယ်၌ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇန်နဝါရီ   ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလ (၁၉)ရက်နေ့က ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးကျော်သူကိုကို၊ မှော်ဘီခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်၊ မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့်တာဝန်ရှိသူများက အမောက်ဝဲ စံပြကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး စံပြကျေးရွာတွင် Smart Village စီမံကိန်းဖြင့်ဆောင်ရွက်နေသော ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည် (၁/၁.၈၄)မိုင်၊ အကျယ် (၁၂)ပေ၊ ဒု(၆)လက်မခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရေသန့်စင် စနစ်လုပ်ငန်း၊ အမြင့်တင်ရေစင်နှင့်ရေပေရေးလုပ်ငန်းများ၊ ကျေးရွာမြစိမ်းရောင်စီမံ ကိန်းဖြင့်ဆောင်ရွက်သော စိုက်ပျိုးရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မြစ်ကျိုးအောက်ကျေးရွာတွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် Ju Ju San Co.Ltd မှတာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကျေးလက်ကုန်ထုတ်ဂဝံလမ်းခင်းလုပ်ငန်း လမ်းအရှည် (၀/၆.၅၁)မိုင်၊ အကျယ် (၁၂)ပေ၊ ဒု(၉)လက်မခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ နှင့်မိုးကြိုး ပစ်ကျေးရွာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့်  Natural Yaung Chi Co.Ltd မှတာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကျေးလက်ကုန်ထုတ်ဂဝံလမ်းခင်းလုပ်ငန်း လမ်းအရှည်(၀/၆.၉၀၉)မိုင်၊ အကျယ် (၁၂)ပေ၊ ဒု(၉)လက်မခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြပြီးလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)