ပုဗ္ဗသီရိ ဇန်နဝါရီ ၂၀
ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တပင်ရွှေထီးရပ်ကွက် Family မိသားစု ကိုယ်ပိုင်မူလတန်းကျောင်းမှ ပညာရေးစုံညီပွဲတော်နှင့် မူကြိုကျောင်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပရာ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ရပ်ကွက်အုပ်ရေးမှူး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ခင်က အမှာစကားပြောကြားခဲ့ပြီး Family မိသားစုကိုယ်ပိုင် မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးချစ်က စာသင်ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်သည့် အကြောင်းအရာများနှင့် ပညာရည်ချွန်ဆုပေးပွဲ၊ ပညာရေးစုံညီပွဲတော်ကို ဖြစ်မြောက်အောင် ကူညီပံ့ပိုးကြသည့် တာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများနှင့် မူကြိုမှ K.G တန်းသို့ ကူးပြောင်းသော မူကြိုကလေးငယ်များ Graduation ပေးအပ်ခြင်းတို့အား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တေးသရုပ် ဖော်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)