မိုင်းရှူး ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.ကစုံညီပွဲတော်ကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ် (၁) လှုပ်ရှားစစ်ဗျူဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ညိုမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ ခရိုင်ပညာရေးမှူး ဦးအေးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ဆက်လက်၍ အ.ထ.က Grade-9 ကျောင်းသား၊ ကျောင်းသူများက "စုံညီပွဲတော်ဒို့နွှဲပျော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် ခရိုင်ပညာရေးမှူး ဦးအေးဝင်းတို့က အမှာစကားပြောကြားသည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင် အတွင်းရေးမှူး ဦးစိုင်းစိန်မြင့်က ကျောင်းတွင်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်လျာထားမှုလုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ဖြူက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့်ဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ဆန်းဦးကလည်းကောင်း၊ ဌာနဆိုင်ရာများ၏ အလှူငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်တို့က ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ဖြူက လက်ခံရယူသည်။
ဆက်လက်၍ မြို့နယ်အဆင့် လူရည်ချွန်ရရှိသော ကျောင်းသား၊ ပြည်နယ်၊ ခရိုင်အဆင့်ဆုရရှိသော ကျောင်းသား/ကျောင်းသူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများ၊ အထိမ်းအမှတ်နေ့များ၏ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများ၊ ဘာသာရပ်သင်ကြားထူးချွန် ဆရာ/ဆရာမများနှင့် အလှူရှင်ပုဂ္ဂိုလ်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် အ.ထ.က ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်အက၊ တပင်တိုင်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားကို "ဘက်စုံပညာရည်တို့လှမ်းချီ" သီချင်းဖြင့် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း၊ အဆိုပါအခမ်းအနားသို့ စစ်ဘက်ဆိုင်ရာ အကြီးအကဲများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)