မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၂၀

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပရာ ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် မော်လမြိုင်မြို့၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိကတည်ဆောက်ရခြင်းဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များ ပေါ်ထွက်လာစေရန် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ကျန်းမာသန်စွမ်း သည့် ကျောင်းသားလူငယ်များ ဖြစ်ပေါ်လာရန်အတွက် သင်ကြားမှု သင်ယူမှု ပတ်ဝန်းကျင်ကောင်းဖြစ်စေရန် ကျောင်းအဆောက်အဦးများ တိုးချဲ့ပြင်ဆင်ပေးခြင်း၊ အသစ်ဆောက်လုပ်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခြင်းဖြင့် နိုင်ငံ‌တော်မှ တစ်နိုင်ငံလုံးပညာရေးနှင့်ပက်သက်၍ ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်သည် နှစ်စဉ်တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ ပြည်နယ်၏အခြေခံပညာရေးကဏ္ဍ အရည်အသွေးတိုးတက်မြင့်မားရေး အထူးအလေးပေးဆောင်ရွက်လျက်ရှိရာ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ၊‌ ကျောင်းသား၊‌ ကျောင်းသူများ၊‌ ဒေသအုပ်ချုပ်‌ရေးအဖွဲ့အစည်းများ၊‌ စေတနာရှင်ပြည်သူများအားလုံးကလည်း ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့် ထူးချွန်ဆုရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး၊ မော်လမြိုင်မြို့ ပါရမီ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၏ “မွန်စာသင်ကြစို့” မွန်ရိုးရာအက၊ မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၏ “ကြိုဆိုပါသည် စုံညီပွဲတော်”တေးသီချင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား မောင်စောသူထူးလှိုင်က တော်ဝင်နှစ်ပါး တစ်ပင်တိုင်အက နှင့် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ၏ “ဘက်စုံပညာကိုရည် တို့လှမ်းချီ” တေးသီချင်းများဖြင့် တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေတင်ဆက်ပေးသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏တီထွင်ဖန်တီးပြုလုပ်ထားသည့် စက်မှုလက်မှု၊ သိပ္ပံနှင့် အနုပညာဆိုင်ရာပြခန်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)