တိုက်ကြီးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်

တိုက်ကြီး ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ တိုက်ကြီးခရိုင် မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီက တိုက်ကြီးမြို့နယ် ဥက္ကံမြို့နှင့် အဖျောက်မြို့များရှိ ရပ်ကွက်နှင့်ကျေးရွာများသို့   မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ခြင်းများကို မီးငြှိမ်းသတ်ယာဉ်များဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နှင့် အဖျောက်မြို့တို့အတွင်းရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်သည့်အတွက် မီးဖိုမီးသုံးစွဲပြီးပါက မီးကြွင်းမီးကျန်မရှိစေရေး၊ စနစ်တကျငြိမ်းသတ်ကြရန်၊ မီးချိတ်မီးကတ်၊ ရေ၊ သဲ ပြည့်စုံစွာထားရှိရန်၊ မီးဖိုများကို မြေကျင်းတူး၍ အကာအရံဖြင့်ထားရှိရန်၊ လျှပ်စစ်မီးသုံးစွဲရာတွင်လည်း သတိပြုသုံးစွဲကြရန်၊ လျှပ်စစ်မီးကြိုးများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးထားရန်၊ လျှပ်စစ်မီးသုံးစွဲပြီးတိုင်း မီးခလုတ်များကို သေချာစွာပိတ်ထားရန်၊ အိမ်ပြင်ပသို့ ထွက်သွားလိုလျှင် မီးမိန်းများကိုချထားရန်၊ နေအိမ်အတွင်းနှင့်ပြင်ပတွင် မီးလောင်လွယ်သည့် အမှိုက်များကို ရှင်းလင်းထားကြရန် စသည့်သတိပေးနှိုးဆော်ခြင်းများကို တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နှင့် အဖျောက်မြို့တို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ လိုက်လံလှည့်လည် သတိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)