ငါန်းဇွန် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီက လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကျောင်းသားလူငယ်များအနေဖြင့် မှန်ကန်သော ဘဝရည်မှန်းချက်ထားရှိပြီး ရည်မှန်းချက်အောင်မြင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ ပြုစုပျိုးထောင်ရမည် ဖြစ်ကြောင်း၊ လူငယ်များ အရည်အသွေးပြည့်ဝစေဖို့ အတတ်ပညာလိုအပ်သလို အသိပညာဆိုတဲ့ တွေးခေါ်မျှော်မြင်တတ်မှုသည်လည်း မဖြစ်မနေလိုအပ်ကြောင်း၊ အသိပညာ အတတ်ပညာ နှစ်မျိုးလုံးကိုရရှိဖို့ အတတ်ပညာကို ကြိုးစားသင်ယူရမှာဖြစ်သလို အသိပညာကိုလည်း ကိုယ်တိုင်လေ့လာ ဆည်းပူးရမှာ ဖြစ်ပါကြောင်း၊ အသိပညာအတတ်ပညာ ပြည့်ဝစေဖို့ သုတရသစာပေကို လေ့လာဆည်းပူး ကြိုးစားအားထုတ်ပါက အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိကြမည်ဖြစ်ကြောင်း လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသား/သူများအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)