စဉ့်ကိုင် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော "ခေတ်ကိုပြောင်းကြစို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စဉ့်ကိုင်မြို့နယ် (Book Club) အသင်းအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း (ပညာရေး) က စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသော "ခေတ်ကိုပြောင်းကြစို့" စာအုပ်မှ ပါဝင်သည့်" လူမှုဆိုင်ရာ ပေါင်းစည်းညီညွတ်မှုအင်အား" ခေါင်းစဉ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ် (Book Club) အဖွဲ့ နာယက ဦးသန်းအောင်က "ပညာရှိခြင်း ပညာမဲ့ခြင်း၏ ခြားနားခြင်းလက္ခဏာ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဒုဥက္ကဌ စာရေးဆရာ ဦးအေးကိုကို (ဝင်းမောင်မောင်) (ပန်းလောင်လွင်ပြင်) က "လူကြီးပညာရှိ ဖြစ်ပါစေ" ခေါင်းစဉ်ဖြင့်လည်းကောင်း ၊အတွင်းရေးမှူးစာရေးဆရာ တိုက်ကြည် (တရားလွှတ်တော်ရှေ့နေ) က "ခေတ်ကိုပြောင်းကြစို့" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် (Book Club)အဖွဲ့ဝင်များကလည်း မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ကျော်စွာ(စဉ့်ကိုင်)