လူငယ်များဘက်စုံဖွံ့ဖြိုးရေး ဟန်မြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ယမန်နေ့နံနက် (၉) နာရီက အဆိုပါကျောင်း၌ လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစိုးရနည်းပညာ အထက်တန်းကျောင်း (ကျောက်ဆည်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ  ဇာနည်ထွန်းက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ကျောင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ နုတ်မှုစွမ်းရည်များ ကြွယ်ဝစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသောသတ္တိများရှိလာစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဦးဆောင်၍ ဟန်မြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မစိုးပြည့်ပြည့်ဇော်က လူငယ်နှင့် ယဉ်ကျေးမှု၊ မခင်သီရိရွှေက လူငယ်နှင့်စည်းကမ်း၊ မအိမ့်ကြာဖြူက လူငယ်နှင့် စာအုပ်စာပေ၊ မောင်ဟောက်ရိုလယ်က လူငယ်နှင့် စာရိတ္တစသည့်ခေါင်းစဉ်များဖြင့် အသီးအသီးဆွေးနွေးပြောကြားခဲ့ရာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း‌ဆွေးနွေးခဲ့ကြောင်း သိရ သည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လူငယ်စကားဝိုင်းဆောင်ရွက်မှု အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

တင်တင်ထွေး