မိုင်းယန်းမြို့၌ ခရိုင်ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဇင်က အဖွင့်အမှာစကားနှင့် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ယှဉ်ပြိုင်ကစားကြရာတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပူးပေါင်းယှဉ်ပြိုင်ကစားကြရန် ပြောကြားသည်။ ထို့နောက် မိုင်းယန်းခရိုင် ပညာရေးမှူး ဆရာကြီးဦးသိန်းဝင်းက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်အဖြစ် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ခရိုင်ပညာရေးမှူးဖလား အသက်(၁၂)အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲအား  မြို့နယ်အတွင်းရှိ ကျောင်းများမှ စုစုပေါင်းပြိုင်ပွဲဝင်အသင်း(၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အခြေခံပညာမူလတန်းလွန်ကျောင်း(ပါမိုင်)ကျောင်းအသင်းနှင့် အခြေခံပညာမူလတန်းလွန်းကျောင်း(ပန်ဆောင်ကျေးရွာ)ကျောင်းအသင်းတို့မှ စတင်ယှဉ်ပြိုင်ကစားကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး