သာစည် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မီးသတ်ဦးစီးဌာနကဦးစီး၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ်ကို ယမန်နေ့ နံနက် ၉ နာရီက သာစည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးလှထွန်းက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အသိပညာပေးအစီအစဉ်တွင်ပါဝင်မည့်သူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ သဘာဝဘေးအန္တရာယ်ဖြစ်လာပြီဆိုရင် ကလေးသူငယ်တွေဟာထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆုံးရှုံးနိုင်ခြေအများဆုံးဖြစ်တတ်တာကြောင့် ကလေးသူငယ်တွေအနေနှင့် သဘာဝဘေးအန္တရာယ်ကာကွယ် လျှော့ချရေးအသိပညာဗဟုသုတတွေရရှိရန်အတွက် သူတို့တွေမှတ်မိလွယ်အောင် ဂိမ်းကစားနည်း ၁၀ မျိုးနှင့် အသိပညာပေးအစီအစဉ်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းကပြောသည်။ အဆိုပါဂိမ်း ၁၀ မျိုးတွင် မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းနှင့် မီးငြှိမ်းသတ်ရေးပစ္စည်များအား သိရှိနားလည်ပြီး အသုံးပြုတတ်စေရန် ငလျင်ဘေး၊ ရေဘေး၊ မီးဘေးကြုံလာပါက မိမိတို့ပတ်ဝန်းကျင်ရှိပစ္စည်းများကို အသုံးချတတ်စေရန်စသည်ဖြင့် ပါဝင်သောအသိပညာပေးအစီအစဉ်များ လက်တွေ့ပြုလုပ်မှုများကြည့်ရှုအားပေးကြပြီး ခင်းကျင်းပြသထားသော ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီဝင်းနှင့်ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်