ကျောက်ဆည်မြို့တွင် သီနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အယ်နီညိုရာသီဥတုကြောင့် သီနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေး နည်းပညာသင်တန်းဖွင့်

ကျောက်ဆည် ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးချစ်ဆွေဦးဦးဆောင်သည့် ခရိုင် Working Group မှ ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများအား သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အယ်နီညိုရာသီဥတုကြောင့် သီးနှံများထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေး နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးချစ်ဆွေဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ညိမ်းထွေး၊ ပိုးမွှား၊မြေ၊မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိများဖြစ်သည့် ဒေါ်ရီရီဌေး၊ ဒေါ်မို့မို့စိုး၊ ဦးစိုးမင်းနိုင်တို့က သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေမည့် နည်းလမ်းများဖြစ်သည့် မျိုးကောင်း၊မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များ၊ သဘာဝမြေဆွေးနှင့် ဓာတ်မြေဩဇာများ အချိန်ကိုက်အချိုးကျအသုံးပြုရေး၊ ရိတ်သိမ်းချိန်မှန်ကန်၍အလေအလွင့်လျော့နည်းစေရေး၊ (GAP)နည်းစနစ်များဖြင့် ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ၊ သက်တမ်းတို၊ရောဂါဒဏ် ခံနိုင်သောမျိုးများစိုက်ပျိုးရန်၊ တစ်ပိုင်တစ်နိုင်ရေရရှိနိုင်မည့်နည်းလမ်းများရှာဖွေရန်နှင့်ရေစုဆောင်းထားရန်၊ အကန့်လိုက် စိုက်ပျိုးခြင်းစနစ်များဆောင်ရွက်ရန်၊ သင့်တော်သောသီးနှံပုံစံပြောင်းလဲစိုက်ပျိုးရန်၊ ကြိုတင်သတိပေးချက်များ လိုက်နာရန်၊ ပညာပေးစည်းရုံးရန်၊ သီးနှံ(၈)မျိုးအကြောင်းနှင့် စပါး၊ ပဲ၊ ဝါ ဖူလုံမှု တွက်ချက်ခြင်းများအကြောင်း၊ မြေအသုံးချရေးဆိုင်ရာအချက်များ၊ မျိုးစေ့ဆိုင်ရာပညာပေးအချက်များ၊ ပိုးမွှား ရောဂါဆိုင်ရာ ပညာပေးအချက်များ၊ Extengion ဘာသာရပ်၏ အရေးပါပုံ၊ ပညာပေးနည်းလမ်းများ၊ နယ်မြေကွင်းဆင်းပညာပေးဝန်ထမ်းများ၏ အခြေခံလုပ်ငန်းများ စသည့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အယ်နီညိုရာသီဥတုကြောင့် သီးနှံများထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေး နည်းပညာများ သင်ကြားပို့ချဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းနှင့် ကျောက်ဆည်ခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံများဖြစ်သော ပဲတီစိမ်း၊ ကုလားပဲ၊ အခြားပဲ၊ ပဲကြီး၊ ပဲကြား၊ ပဲယင်း၊ ထောပတ်ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အစေ့ထုတ်ပြောင်း၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံစုစုပေါင်း (၂၂၉၀၇၂) ဧက လျားထားပြီးစိုက်ပျိုးလျက်ရှိရာ (၂၂၂၁၂၂) ဧက စိုက်ပျိုးပြီးကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

သက်မောင်၊ ကျောက်ဆည်