စစ်တွေ ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုကာလတွင် စီမံအုပ်ချုပ်ရေးအပိုင်းနှင့် အခြားသောလုပ်ငန်းများတွင် လုံခြုံရေးကိုအဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် ဒေသတစ်ခုတွင် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကကျပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ ထိုဒေသသည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိခြင်းသည်လည်း လုံခြုံရေးအဖွဲ့များ၏ စီမံဆောင်ရွက်မှု၊ လုံခြုံမှုစနစ်တကျရှိခြင်းအပေါ်တွင် အခြေခံသည့်အတွက် လုံခြုံရေးသည် မဖြစ်မနေအရေးပါသည့်နေရာတွင်ရှိကြောင်း၊ နောက်တရားဥပဒေစိုးမိုးမှုရှိမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့ဒေသ၊ မိမိတို့ပြည်နယ်သည် မိမိတို့လိုချင်သည့် ပန်းတိုင်းတစ်ခုကိုရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ လတ်တလောအခြေအနေတွင် လုံခြုံရေးနှင့်ပတ်သက်သည့် ကန့်သတ်ချက်များရှိသော်လည်း တခြားကိစ္စရပ်များနှင့်နှိုင်းယှဉ်လျှင် ဦးစားပေးဆောင်ရွက်ရမည်မှာလုံခြုံရေးပင်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရက်များက ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာနများ၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တည်ဆောက်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ လုံခြုံရေးအခြေအနေကြောင့် မဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို နိုင်ငံတော်ကို အချိန်မီအပ်နှံနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကလည်း ထိုနေရာများတွင် အသုံးမပြုရလျှင် တခြားသောဒေသများမှာပြန်လည်အသုံးပြုနိုင်ရန်နှင့် လုံခြုံရေးအရအခြေအနေကောင်းမွန်လာသည့်အခါ ပြန်လည်ပြီးဦးစားပေးစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ဖြစ်ပေါ်လာသည့်အခြေအနေပေါ်တွင် ရုံးလုပ်ငန်းမှအစ စနစ်တကျဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ပြန်လည်ပြောကြားရလျှင် ဒေသတစ်ခုသည် တည်ငြိမ်အေးချမ်းမှုရှိမှ၊ လုံခြုံမှုရှိမှသာလျှင် ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို အဓိကဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း လုံခြုံရေးနှင့်ပတ်သက်ပြီး မိမိတို့ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ နောက်ပြီး ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက်လည်း မိမိတို့ပြည်နယ်အစိုးရအဖွဲ့က တတ်နိုင်သလောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရမည်ဖြစ်ကြောင်း၊ ဌာနအကြီးအကဲများကလည်း မိမိလက်အောက်ဝန်ထမ်းများအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိုခါမုန်တိုင်းကျရောက်ခဲ့စဉ်ကနည်းတူ မိမိတို့အစိုးရအဖွဲ့နှင့် စီမံအုပ်ချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် မိမိတို့ဌာနနှင့်ပတ်သက်၍လည်း လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပညာရေး၊ ကျန်းမာရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)