သီပေါမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန်အထူးရဲသင်တန်းဆင်းပွဲ ပြုလုပ်

သီပေါ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊      သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအသီးသီး၌ မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်မည့်  အထူးရဲသင်တန်းသားများ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈နာရီအချိန်ခန့်က သီပေါမြို့ သာသနာ ၂၅၀၀ ပရိယတ္တိ စာသင်တိုက်ရှိ ဆွမ်းစားဆောင်တွင် ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင်  သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဖြိုးဝေက ရွေးကောက်ပွဲကာလအတွင်း တာဝန်ထမ်းဆောင်မည့် အထူးရဲများသိသင့်သိထိုက်သော ဘာသာရပ်များ၊ အခြား သိမှတ် ဖွယ်ရာများ၊ လိုက်နာရမည့်ကျင့်ဝတ်များစသည်တို့ကို စာတွေ့ လက်တွေ့ သင်ကြားပို့ချခဲ့ပြီးဖြစ်သောကြောင့် ဥပဒေနှင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် စသည့်ဖြင့် အမှာစကားပြောကြားခဲ့ပြီးနောက်သင်တန်းတွင် ထူးချွန်ဆုရရှိသည့်အထူးရဲများအားဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုများ၊သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြသည်။ အဆိုပါ အထူးရဲသင်တန်း ကို သင်တန်းသား(၁၁၁)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို အောက်တိုဘာလ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါ ကာကွယ် တားဆီးရေး ညွှန်ကြားချက် များနှင့်အညီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲများနှင့် ပူးပေါင်း၍ ပြည်သူများ လုံခြုံစိတ်ချ စွာမဲပေး နိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)