ကလော ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းနှင့် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် စာပေနှင့်သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီက ကလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံက သတင်းမီဒီယာနှင့်ပတ်သက်၍ သတင်းအမှား၊ သတင်းအမှန် ဝေဖန်ခွဲခြားနည်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (စာရေးဆရာ မြင်းမူမောင်နိုင်မိုး) က စာပေနှင့်သတင်းမီဒီယာဆိုင်ရာများ ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကလောမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကိုကိုကြီး (စာရေးဆရာ သက်မောင်-ကလော) က ကလောမြို့နယ် စာရေးဆရာအသင်းနှင့် စာကြည့်တိုက်များဖောင်ဒေးရှင်း၏ လှုပ်ရှားဆောင်ရွက်မှုများကိုလည်းကောင်း၊ ကလောမြို့နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဇော်သိန်းရည်က မြို့နယ်အတွင်း သတင်းမီဒီယာ ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။ ထို့နောက် ကလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (စာရေးဆရာ မြင်းမူမောင်နိုင်မိုး) ကလက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေးရှင်းဒုတိယဥက္ကဋ္ဌ၊ ကလောခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကလောမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)