ငါန်းဇွန် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ လောကနတ်ခန်းမ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငါန်းဇွန် မြို့နယ်ရဲတပ်ဖွဲ့မှ မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင် ဖွင့်လှစ်ပို့ချခဲ့ရာ ယနေ့နံနက် ၈နာရီခွဲအချိန်က သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဝင်းက ယခုသင်တန်းမှာ နည်းပြများရဲ့ စနစ်တကျ သင်ကြားပို့ချပေးသည့် သင်ခန်းစာများကို အထူးရဲများမှ အလေးထားလိုက်နာ ဆောင်ရွက်ရန်၊ ရဲဘော်တို့ရဲ့ စိတ်ပါဝင်စားစွာ လိုက်နာသင်ယူခဲ့မှုနဲ့ သင်တန်းမှာ နည်းပြနဲ့ အထူးရဲများ အပြန်အလှန် ဆွေးနွေးနိုင်ခဲ့မှု တို့ကြောင့် ရဲဘော်တို့ဟာ မဲရုံလုံခြုံရေး ဆောင်ရွက်သည့်အခါ အဆင်ပြေမည်ဟု ယုံကြည်ကြောင်းနှင့် ပြည်သူများအမြင်မှာ စံနမူနာဖြစ်အောင် သတိပြုဆင်ခြင်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် မိမိကိုယ်မိမိ ဂုဏ်ယူကြိုးစား ဆောင်ရွက်ကြရန် သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် ရဲတပ်ဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။ မြို့နယ်အတွင်းရှိ မဲရုံ (၁၄၂)ရုံအတွက် အထူးရဲသင်တန်းသား (၁၄၂)ဦးအား စနစ်တကျ အမှားအယွင်း မရှိအောင် စာတွေ့ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)