သီပေါ အောက်တိုဘာ ၂၈
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ကရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များတွေ့ဆုံ၍ ပြုလုပ်ဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် ဆောင်ရွက်မည့်လုပ်ငန်းများ၊ မဲရုံအသီးသီးတွင် ကြီးကြပ်တာဝန် ထမ်းဆောင်မည့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများအား နေရာသတ်မှတ်လျာထား သတ်မှတ်မှုများစသည့် အကြောင်းအရာများကိုလည်းကောင်း ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးစိုင်းမင်းလွင်က သင်တန်းဖွင့်လှစ်ဆောင်ရွက်မှုများ၊ ဆက်လက်ဖွင့်လှစ်မည့်ဆင့်ပွား သင်တန်းနှင့် ပတ်သက်၍လည်းကောင်း၊ မဲရုံသုံး ပစ္စည်းများ ထုတ်ပေးခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစိုင်းထွန်းအေးမှ ဌာနအသီးသီးမှ မဲရုံများတွင် တာဝန် ထမ်းဆောင်ရန် အတွက်ပေး ပို့ထားသည့် ဝန်ထမ်းစာရင်းများအလိုက် သင့်တော်သည့်နေရာများသို့ တာဝန်ခွဲဝေလျာထားခြင်းများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များမှ လိုအပ်သည့် အကြံပြုချက်များ၊ သိရှိလိုသည်များအား အသီးသီးဆွေးနွေးခဲ့ကြကြောင်းနှင့် အစည်း အဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၁၅)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)