မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ လမ်း - ငုရွှေဝါလမ်းရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) ရှိ Auditorium Hall တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သောလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော  လူငယ်စကားဝိုင်းကို ယ‌မန်နေ့ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) မှ ပါမောက္ခချုပ် ဒေါက်တာ၀င်း‌အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်‌ဝေဝေဖြိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဦးဆောင်‌ဆွေးနွေးခဲ့ပြီး အဆိုပါတက္ကသိုလ်မှ ပထမနှစ်ကျောင်းသား/သူများဖြစ်ကြသည့် မောင်မင်းသန့်ဇင်က "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ မမြတ်သိင်္ဂီ‌မောင်က  "လူငယ်နှင့် မူးယစ်ဆေးဝါး‌" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မသီရိလင်းက  "လူငယ်နှင့် စာပေ"၊ မခြိမ့်ခြိမ့်ချမ်းက "လူငယ်နှင့်ပရဟိ"၊ မ၀င်းထက်ရတနာက "အဂတိကင်းကွာ ပြည်သာယာ"၊ မောင်လင်းဘုန်းမြတ်က "အဂတိတရားနှင့် လူငယ်တို့၏အခန်းကဏ္ဍ"ခေါင်းစဉ်များဖြင့်လည်းကောင်း၊‌  အသီးသီး ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။     

လူငယ်စကားဝိုင်းသို့ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ၀င်းအေး၊ ဒုတိယပါ‌မောက္ခချုပ် ဒေါက်တာခိုင်ညွန့်မြိုင်၊ ဒုတိယပါ‌မောက္ခချုပ် ဒေါက်တာမြတ်သူဇာထွန်း၊ မန္တလေးတိုင်း ဒေသကြီး၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ဌာနမှူးများ၊ လက်‌ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းနှင့် ၀န်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ချမ်းမြေ့