ဇေယျာသီရိ ဇန်နဝါရီ ၂၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို မသန်စွမ်းလူငယ်များ၏ စိတ်ဓာတ်နှင့် ဘဝမြင့်မားစေရန်၊ ဘဝရပ်တည်နေထိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရန်၊ အသေးစားစီးပွားရေးလုပ်ငန်း များလုပ်ကိုင်ရင်း ဘဝရပ်တည်နေထိုင်ရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲအခမ်းအနားတွင် လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး သင်တန်းနည်းပြနှစ်ဦးအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က သင်တန်းသား၊ သင်တန်းသူများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းတွင် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးသည့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
သင်တန်းသို့ ဇေယျာသီရိခရိုင်အတွင်းမှ မသန်စွမ်းလူငယ် ၃၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ မှန်ကြည်ဆေး၊ ဆပ်ပြာခရင်မ်၊ မျက်နှာသစ်ဆပ်ပြာခဲ အမျိုးမျိုးနှင့် လက်သန့်ဆေးများကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)