ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ညောင်ရွှေမြို့နယ်အတွင်းရှိ မဲရုံများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

ညောင်ရွှေ     အောက်တိုဘာ     ၂၈

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံအသီးသီး၌ တာဝန် ထမ်းဆောင် ကြမည့် မဲရုံတာဝန်ရှိသူများ အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

ထိုသို့ လှူဒါန်းရာတွင် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင် ဦးနေမျိုးက ပေးအပ်လှူဒါန်းရာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝေမာအောင်က လက်ခံရယူခဲ့ ကြောင်း သိရှိရသည်။

အဆိုပါလှူဒါန်းမှုတွင် မြို့နယ်အတွင်းရှိ မဲရုံပေါင်း(၁၄၃)ရုံအတွက် ရောဂါကာကွယ်ရေးဝတ်စုံ  ခေါင်းစွပ်၊ လက်အိတ်၊ ပါးစပ်နှင့်နှာခေါင်းစည်း ၊ မျက်နှာ အကာအကွယ် ပစ္စည်းများပါဝင်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်း (၂၈၆)စုံ ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် စုစုပေါင်းတန်ဖိုးငွေ ကျပ် (၁၀)သိန်းကျော်ရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ