မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရ မော်လမြိုင်ဇုန်အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၂၀

​၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရ မော်လမြိုင်ဇုန်အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသူလေးများက ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထိုနောက် ဂုဏ်ပြုပွဲအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ဆက်လက်၍ ကျင်းပရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မော်လမြိုင်ဇုန်မှာပါဝင်တဲ့ မော်လမြိုင်တက္ကသိုလ်နှင့် ဘားအံတက္ကသိုလ် အားကစားသမားများဟာ ညီညွတ်စွာဖြင့် ပြည်နယ်ဂုဏ်ကိုဆောင်နိုင်ခဲ့ကြတဲ့အတွက်ကြောင့်မို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အထူးပင်ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ မော်လမြိုင်ဇုန်ပြိုင်ပွဲဝင်ဘောလုံးအသင်းသည် ပထမဒိုင်းဆုကြီးကို ရရှိခဲ့ပြီး ဘော်လီဘော (ကျား) ပြိုင်ပွဲမှာ တတိယဆု၊ (မ) ဒုတိယဆုကိုရရှိခဲ့ကာ ကျောင်းအလိုက်ပြိုင်ပွဲများတွင် မော်လမြိုင်တက္ကသိုလ်က ပိုက်ကျော်ခြင်း (၂) ယောက်တွဲ တတိယဆု၊ Table Tennis တစ်ဦးချင်း ဒုတိယဆု၊ ပြေးခုန်ပစ် မီတာ (၅၀၀၀) ကျား၊မ (ရွှေ)၊ မီတာ(၁၀၀၀၀)(ရွှေ)၊ မီတာ(၁၅၀၀) ကျား(ဒုတိယ)၊ လက်ဆင့်ကမ်း မ(၄)ယောက်တွဲ တတိယတို့ကို ရရှိခဲ့ပြီး ဘောလုံးပြိုင်ပွဲမှာ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆုနှင့် ဂိုးသမားအကောင်းဆုံးဆုတို့ကို ဆွတ်ခူးရရှိခဲ့သည့်အတွက် မော်လမြိုင်တက္ကသိုလ်နှင့် ဘားအံတက္ကသိုလ်က အားကစားသမားများ၏အောင်မြင်မှုတွေကို ညီညီညွတ်ညွတ်ဆောင်ရွက်မှုကြေင့်  ပြည်နယ်ဂုဏ်ကိုဆောင်နိုင်ခဲ့သည့်အတွက်  အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရ မော်လမြိုင်ဇုန်အသင်း တာဝန်ခံမှ အားကစားပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းတင်ပြပြီး တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရ မော်လမြိုင်ဇုန်အသင်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၂၀) ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသောပြိုင်ပွဲဝင် ထူးချွန်ဆုရအားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အမှတ်တရစုပေါင်းမှတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)