ချောင်းဆုံ ဇန်နဝါရီ ၂၀
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားပေးသည့်ကျောင်းသို့ အခြေခံပညာကျောင်းများမှ (Grade-9) အောင်မြင်သူများ တက်ရောက်သင်ကြားနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ယမန်နေ့နံနက်ပိုင်းက ကွမ်ရိုက် (အ.ထ.က-ခွဲ) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့သည်။
ဟောပြောပွဲတွင် မော်လမြိုင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးချမ်းက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများတွင် အသက်မွေးဝမ်းကျောင်းပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ တက်ရောက်သင်ကြားမည့်သူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးမည့် အခြေအနေများကို ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ ၊ မြို့နယ် (မွေး/ကု)ဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ ကဏ္ဍအလိုက်ဆွေးနွေးခြင်းနှင့် တက်ရောက်သူများ၏ သိရှိလို့သည်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အဆိုပါကျောင်းများကို မွန်ပြည်နယ်ရှိ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) အောင်မြင်သူများ အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ယူနိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း သထုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာတွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)