ဓနုဖြူ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အ.မ.က (ရေတွင်းကုန်း) ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.မ.က ရေတွင်းကုန်းကျောင်းမှ Grade- 5 ကျောင်းသူလေးများမှ ပန်းကလေးများရဲ့ ဥယျာဥ်မှူးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျောင်းအကျိုးတော်ဆောင်ဒုဥက္ကဋ္ဌ ဦးညီညီမင်းလွင်က ပညာရည်ချွန်ဆုပေးပွဲနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမိုးဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်အဆင့် အထိမ်းအမှတ်ပွဲများ၌ရရှိသော ဆုများနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူတို့အား တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)