၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်းပွဲကျင်းပ

တိုက်ကြီး အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်းပွဲများကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က တိုက်ကြီးမြို့၊ ဥက္ကံမြို့၊ အဖျောက်မြို့တို့တွင် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ခန့်အပ်ရန် အထူးရဲများအား အောက်တိုဘာ လ ၁ ရက်နေ့ မှ အောက်တိုဘာ လ ၂၈ ရက်နေ့ အထိ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ တိုက်ကြီးမြို့မရဲစခန်းမှ အထူးရဲ (၈၃)ဦး၊ ဥက္ကံနယ် မြေရဲစခန်း မှ အထူးရဲ(၆၅)ဦး၊ အဖျောက်နယ်မြေရဲစခန်း မှ အထူးရဲ (၂၂)ဦး၊ ဖိုးခေါင်နယ်မြေ ရဲစခန်းမှ အထူးရဲ(၂၄)ဦး၊ ကတိုင်စိန်နယ်မြေစခန်းမှ အထူးရဲ(၂၂)ဦး စုစုပေါင်း သင်တန်းသား (၂၁၆)ဦး တို့သည် တိုက်ကြီးမြို့နယ်ရှိ ရွှေဂျိုးဖြူခန်းမ၊ ဥက္ကံမြို့ရှိ ရွှေကံသာခန်းမ၊ အဖျောက်မြို့ရှိ ငွေဥဒေါင်းခန်းမနှင့် အ.မ.က ကျောင်းများတွင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင်  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံ(၂၁၆)ရုံ ဖွင့်လှစ်ထားရှိပြီး အဆိုပါ မဲရုံ(၂၁၆)ရုံတွင် လုံခြုံရေး တာဝန်ဆောင်ရွက်ရန် အထူးရဲ(၂၁၆)ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း တိုက်ကြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကို ထံမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)