မော်လမြိုင် ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) လက်မှတ်ရစာရင်းရေး စာရင်းကိုင်(၂)နှစ်သင်တန်းဆင်း သင်တန်းသား/သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး Job Fair အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သက်မွေးပညာ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးမျိုးဆွေက သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ(၁၆)ရက်တွင် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလ(၂)နှစ်ဖြစ်ကာ သင်တန်းပြီးဆုံးသည့်အချိန်တွင် သင်တန်းသား/သူများ အလုပ်အကိုင်ရရှိရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည့် Job Fair အခမ်းအနားကို ယခုလိုကျင်းပ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအတွက်လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန်နှင့် သင်တန်းသား/သူများအတွက် ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက်ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)တွင် Business Accounting, Financial Accounting, Cost Accounting, Auditing, Computerized Accounting ဘာသာရပ်များကို အဓိကထားပြီး သင်ကြားပေးလျက်ရှိပါကြောင်း၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းအနေဖြင့် စာရင်းရေးစာရင်းကိုင်(၂)နှစ်သင်တန်းအောင်မြင်သည့် သင်တန်းသား/ သူများကို Certificate in Business Accounting ကို ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ စာရင်းရေးစာရင်းကိုင် ပညာတတ်မြောက်သည့် သင်တန်းသား/သူများကို New product အဖြစ် စတင်မွေးထုတ် ပေးတော့မှာဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်အကိုင် Agency များ၊ သမဝါယမအသင်းများအနေဖြင့် မိမိတို့နှင့်ကိုက်ညီတဲ့လုပ်ငန်းခွင်များအတွက် ရွေးချယ်နိုင်ပါကြောင်းနှင့် သင်တန်းသား/သူများမှလည်း မိမိတို့စိတ်ပါဝင်စားပြီးအမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အလုပ်များကို ရွေးချယ်၍လျှောက်ထားကြရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းရှင်(၈)ဦးကမိတ်ဆက်ပြီး ရွှေအိုးဝေအဆင့်မြင့်ဆန်စက်ပိုင်ရှင်ဦးခိုင်ဦးက လုပ်ငန်းရှင်များကိုယ်စား အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူမလင်းနွယ်စိုးက သင်တန်းတက်ရောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ စာရင်းရေးစာရင်းကိုင်(၂)နှစ်သင်တန်းကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် သင်တန်းသား/သူ ၃၅ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် သင်တန်းပြီးမြောက်မည်ဖြစ်သောကြောင့် သင်တန်းသား/သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် Job Fair အစီအစဉ်ကို ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်