ဒေါပုံ ဇန်နဝါရီ ၂၀
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော ပြည်သူ့စာကြည့်တိုက်သို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် စာအုပ်၊ စာစောင်များ လာရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်သူများ အသိပညာဗဟုသုတများကို တစ်နေရာထဲတွင် ရှာဖွေလေ့လာဆည်းပူးနိုင်သည့် စာကြည့်တိုက်များ ရှင်သန်တိုးတက်စေရန်နှင့် စာပေဗဟုသုတများ ပိုမိုတိုးပွားစွာရရှိနိုင်ရန်ရည်ရွယ်၍ ဒေါပုံမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ပြည်သူများအသုံးပြုနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်(၁၀၀)အုပ်ကို လာရောက်လှူဒါန်းပေးခဲ့ရာ ဒုတိယဦးစီးမှူးဒေါ်သူဇာဝင်းက လက်ခံရယူပေးခဲ့ကြောင်းသိရသည်။ အဆိုပါ စာအုပ်၊ စာစောင်များကို စာကြည့်တိုက်ပညာရပ်များနှင့်အညီ စာရင်းရေးသွင်းပြုစုသွားမည်ဖြစ်ပြီး စာဖတ်ရှုငှားရမ်းသူပြည်သူများသို့ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)